Saturday, January 8, 2011

လွတ်လပ်ရေးနေ့ကဗျာ - ၎

ငုံနေတဲ့မနက်ခင်း

မနက်ခင်း
စပယ်ပန်းတွေ ပွင့်လာလေမလားလို့
ငေးကြည့်ရင်းနဲ့
သူ့အသက်ရှူသံတွေ တိမ်နေတော့တယ်။
လူတွေမြို့ဆန်နေပုံကလည်း
နားမျက်စိတွေပြန့်ကားပြီး
ကြောက်ကြောက်နဲ့ အစာကောက်နေရတဲ့
ငှက်တကောင်အဖြစ်မျိုးပ။
တို့သွေးချင်းတွေကျတော့ကော
ရိုးရာပွဲတော်တွေကျင်းပ
သူတို့ဘဝသူတို့မရကြဘူး။
လုံးတက်လာတဲ့မီးခိုး အလိပ်လိပ်တွေထဲက
သူတို့ရွာ သူတို့စပါးတွေကို
ငေးဆနေပေမပေါ့။
ဟိုး ... တောင်ကြောတောင်မတွေကြား
စစ်ရှောင် ရှောင်ပုန်းရင်းနဲ့
ခိုးလုပ်ရတဲ့ လယ်ကွက်ကလေး
ကြည့်စမ်း ...
သေနတ်သံမကြားရင်
ဟောဒီစပါးတွေ ဘယ်လောက်သန်လိုက်မလဲ
ယမ်းငွေ့မလွှမ်းရင်
ဟောဒီတောပန်းတွေ ဘယ်လောက်ပွင့်လန်းလိုက်မလဲ
အဲဒီမြည်တမ်းမှုတွေကြေမွ
ငါတို့သက္ကရာဇ်တွေ ပြန်မရသေးဘူး။
ရွာဦးကျောင်းက တုံးမောင်းဟာလည်း
ကျည်ဆံရာ ဗရပွနဲ့ထုံအနေခဲ့ပြီ၊
အမိုးပွင့်နေတဲ့ စာသင်ကျောင်းက ကလေးတွေ
ဗုံးခိုကျင်းတွေထဲမှာ ဆွံအ
ဘယ်က အစာလာချမလဲ
မျှော်တနေရော့မယ်
စစ်ပြီးရင်းစစ်
ငါတို့ လူမဖြစ်တော့ဘူး
ပြည်တွင်းစစ်တွေ ရပ်ပါတော့
အဓမ္မစစ်တွေ ရပ်ပါတော့။ ။

ငြိမ်းသစ်

No comments: