Saturday, January 8, 2011

လွတ်လပ်ရေးနေ့ကဗျာ - ၃

ဇန္နဝါရီ(၄)ရက်

အဲဒီနေ့ဟာ
သူကိုယ်တိုင်ကလဲ လှနေသလို
အများသူငါကိုလဲ လှစေချင်တဲ့နေ့။
အဲဒီနေ့ဟာ
သူကိုယ်တိုင်ကလဲ ရဲစွမ်းသတ္တိရှိသလို
အများသူငါကိုလဲ ရဲစွမ်းသတ္တိရှိစေချင်တဲ့နေ့။
အဲဒီနေ့ဟာ
ပန်းပုထုခံရတဲ့ သစ်တုံးတတုံးလိုတော့
အသေမခံချင်ပဲ
အသီးအပွင့်တွေဝေဆာနေတဲ့ ပင်စည်တခုလို
ရှင်သန်ကြီးထွားချင်တဲ့နေ့။
အဲဒီနေ့ဟာ
အဖိုးအဖွား အဖေအမေ
ညီအစ်ကိုမောင်နှမတွေအားလုံးက ချစ်တဲ့နေ့
တောင်ကုန်းတောင်တန်းနဲ့ မြေပြန့်လွင်ပြင်တွေအားလုံးက
ချစ်တဲ့နေ့
မြစ်ချောင်းအင်းအိုင်နဲ့ စိမ့်စမ်းတွေအားလုံးက ချစ်တဲ့နေ့
နေရောင်လရောင်နဲ့ကြယ်ရောင်တွေအားလုံးက ချစ်တဲ့နေ့
ခင်ဗျားလဲ ချစ်တဲ့နေ့
ကျွန်တော်လဲ ချစ်တဲ့နေ့
သူလဲ ချစ်တဲ့နေ့။
အဲဒီနေ့ဟာ
လှောင်ချိုင့်ထဲက ကြက်တူရွေးတကောင်လိုတော့
အိပ်ငိုက်မနေချင်ဘဲ
ကောင်းကင်ထဲက ချိုးငှက်တကောင်လို
လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင်
တောင်ပံခတ် ပျံသန်းချင်နေတဲ့နေ့။ ။

ကွန်စစ်ကောင်း

No comments: