Tuesday, February 9, 2010

နေဆူးသစ်၊ အချစ်ကဗျာ ၇ ပုဒ် (၁)

Andy Warhol, 1963
မိုနာလီဇာသို့ ရင်ဖွင့်ကဗျာ

ဟုတ်တယ်
မိုနာလီဇာ
အချစ်ဆုံးပါလို့
စကားလုံးတွေ မတပ်ချင်ဘူးကွယ်
မင်းအပြုံးတွေ
ဆွတ်ယူဖမ်းစားခဲ့လို့
အလင်္ကာနဲ့ သင်္ခါရ
ပျက်လုံးထုတ်ခံရပေါင်းလဲ ... များပြီ။

ညီမျှခြင်းတွေထဲက
မညီမျှခြင်းတွေအတွက်
သိမ်မွေ့ရိုကျိုးစွာ ကြိုးစားပါရစေ
ငါ့ဝိညာဉ်တွေ .. မသန့်စင်တော့ဘူး
မိုနာလီဇာ ...

ခံစားမှုစစ်စစ်ထဲကို တိုးဝင်ငြိတွယ်ရင်း
ချိန်ခွင်ညှာညှိတဲ့ခဏ
ဟိုး ... ဝေးဝေးမှာ
ပြေးထွက်စွန့်ခွာ ကျောခိုင်းထားလိုက်စမ်းပါ။

ဒီမှာ
မိုနာလီဇာ
မပြတ်သားခြင်းတွေနဲ့ ယဉ်ပါးခဲ့လို့
အသည်းနှလုံးဆိုတဲ့ တန်ဘိုးဟာ
အမြဲတမ်း ဆုံးပါးခဲ့ရတယ်။

အညတရရဲ့ အတ္တအတွက်
ဘဝမှာနေပျော်ဖို့
ဖျော်ဖြေရေး တေးတစ်ပုဒ်
အဟုတ်နားမထောင်ချင်ဘူးကွယ်။

ဒါပေမဲ့
ရာစုများစွာရဲ့
ဂြိုလ်နက္ခတ်တွေ ဖြတ်သန်းရင်း
ချေးညှော်ညစ်ထပ်၊ ထုံထိုင်းလေးလံလွန်းလို့
သတ္ထုသံပေါက်နေတဲ့
ငါ့အသံနက်နက်နဲ့
ဟစ်အော်လိုက်တော့မယ်
မင်းအပြုံးတွေ ... ရုတ်သိမ်းပေးပါ
   မိုနာလီဇာ
   ငါ
ပြတ်   သား   ချင်   တယ်။   ။

နေဆူးသစ်

(ဝိညာဉ်ပြာတို့ မိုးကောင်းကင်)

(နေဆူးသစ် ရဲ့ ကဗျာတွေထဲက အချစ်ကဗျာ ၇ ပုဒ် ရွေးပြီးတင်ပါမယ်။)
.

3 comments:

kay said...

ကဗျာဆရာ နေဆူးသစ်ကို..ကဗျာကယာ.. ဆွဲတင်ကြ.. ( ဘလော့ပေါ် )း))))

thitkaungeain said...

စိုးစိုး
မင်းဘယ်ကောင်မလေးကို (ခုတော့ အဘွားကြီးအိုပေါက်စပေါ့ကွာ)
စောင်းရေးတယ်ဆိုတာ
ငါဖော်ကောင်လုပ်ရမလား
မလုပ်စေချင်ရင် ကဗျာများများရေး

tin min htet said...

ကဗျာကယာ မဟုတ်ပါဘူး မကေ။ သေသေချာချာ ၇ ပုဒ် စီပြီး တင်မှာပါ။ နေဆူးသစ် ပရိုမိုးရှင်း။

ဇော်ကြီးရေ - အခုမှ အဖွားကြီးအို ဖြစ်တာ မဟုတ်လောက်ဘူး။ မိုနာလီဇာနဲ့ တူမှတော့ အရင်ကတည်းက ဖြစ်မယ် :P