Monday, January 18, 2010

မြစ်သို့ (ချမ်းအေး)


ချမ်းအေး
မြစ်သို့

တစ်ခါတုန်းက သူဟာ ကျွန်းပင်ပေါက်ကလေးအဖြစ်နဲ့
ငှားငှားစွင့်စွင့် ရှင်သန်ခဲ့စဉ်က တစ်နေ့ အခုလို တက်မကြီး
ဖြစ်သွားရမယ်။ ဘယ်တွေးခဲ့မလဲ။ ဒါပေမဲ့၊ ဖြစ်ခဲ့။ လူတွေ
ကုန်တွေကို လိုရာအရပ်ဆီ အသီးသီး ပို့ဆောင်ပေးဖူးခဲ့။
ဒီလိုနဲ့ ရက်လနှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့၊ ဒီလိုနဲ့
နှစ်ပေါင်းများစွာ ဇရာထောင်းတဲ့အခါ
မိခင်သင်္ဘောအိုကြီးခင်ဗျာ မုန်တိုင်းမှာ လွင့်စင်ကွဲကြေသွားရ။
သူကိုယ်တိုင်ကတော့ သခင့်လက်ရုံးနဲ့ အလုပ်ဖက်မို့ ..
ကမ်းပေါ်ဆွဲတင် အမှတ်တရထားကြ။ ဒီလိုနဲ့
မြစ်ကမ်းနဖူးတစ်ခုပေါ်၊ မိုးထဲလေထဲ အနားယူခဲ့ရ။ ဒါနဲ့ပဲ
လမ်းတစ်လျှောက်၊ လျှောက်လာတဲ့ လူစိမ်း
သူ့နားရောက်တဲ့အခါ "မြစ်ဆီပြန်မယ်" အဆက်မပြတ်
ဟစ်ကြွေး။ သူ့အသံကြားတဲ့အခါ၊ တာဝန်တွေ ကျေပြီပ။
ထမ်းရွက်ထားတဲ့ "အဓိပ္ပာယ်များ စွန့်ပါ့" အခုကစ "တက်မ"
မဟုတ်ဘူး ပြောခဲ့ရာ သူချုံးပွဲချ ငိုကြွေး "မြစ်ဆီပြန်မယ်"
ရေကြောင်းခရီးအနှံ့ ဆန့်မယ်။ လူတွေ ကုန်တွေ အရင်လို
သယ်ပိုး လိုရာအရောက်ပို့မယ်။ အဆက်မပြတ် ဟစ်ကြွေး။
အတန်ကြာ လူစိမ်း စဉ်းစားခေါင်းခါတယ်။ ပြီး သူ့ကို
သယ်ပိုးထမ်းရွက်ခဲ့ကြ။ "အဓိပ္ပာယ်များ စွန့်ပါ့" သူက
အဖန်ဖန်ဟစ်ကြွေး။ "မြစ်ဆီပြန်မယ်" ရေကြောင်းအနှံ့
ဆန့်မယ်။ ဒါနဲ့ပဲ အရိုးပြိုင်းပြိုင်း ကိုယ်အလိမ်းမှာ အက်ရာ
ဒဏ်ရာတွေနဲ့ သူ့ကို စိတ်မကောင်းကြီးစွာ
မတတ်သာတော့တဲ့အဆုံး စကြဝဠာအစွန်းတဖက်ရဲ့
ကြိုးစမှာ ခတ်နှံခဲ့ရ။ အဓိပ္ပာယ်များက
ဆက်လက်ထမ်းရွက်ဆဲ။ "မြစ်ဆီပြန်မယ်၊ ရေကြောင်းအနှံ့
ဆန်မယ်"။

ချမ်းအေး

(ခေတ်ပြိုင်အနုပညာ ၁ စာအုပ် မှ ကူးယူပါသည်။
ချမ်းအေး ရဲ့ ပန်းပုလက်ရာကို ခံစားချက်ရေးထားတာကို ကဗျာတပုဒ်လို ခံစားရပါတယ်။
ချမ်းအေး ထင်ပေမယ့် စာအုပ်ရေးသူ အောင်မင်း ရေးတာများလားလို့လဲ ထင်မိပါတယ်။)
.

1 comment:

အိန္ဒြာ said...

မြစ်ဆီပြန်မယ်...
ရေကြောင်းအနှံ့ဆန်မယ်......

အဲဒါက ပဲ့တင်ရိုက်ပြီး ကျန်ရစ်တယ်

ကိုတင်မင်းထက်ရေ

ကျေးဇူးပါ