Wednesday, February 10, 2010

နေဆူးသစ်၊ အချစ်ကဗျာ ၇ ပုဒ် (၅)

Marcel Duchamp
ခန္တီယတေး

အချစ်အတွက်
အဓိပ္ပာယ်နှစ်ခုမဖွင့်နဲ့ကွယ်
မင်းကို
အာရုဏ်ဦးဆန်ဆန်မျှော်လင့်
ညတွေသာဖြစ်ခဲ့ရ
ခံစားမှုမှော်အတတ်နဲ့
ကျယ်ပြန့်တဲ့ကောင်းကင်ပြာ
တစ်ကြိမ်တစ်ခါပိုင်ဆိုင်ခွင့်
နှစ်ချို့သက်ပြင်း
အလင်းတံခါးတွေပိတ်ဆို့ထားရဲ့ ...
ဆင်ခြင်တုံတရားကင်းမဲ့
ငါက
အိပ်မက်တွေနဲ့အဆိပ်သင့်
မင်းက
မိန်းမစစ်စစ်အဖြစ်
တစ်ဘဝစာကြိုမြင်ခဲ့ပေါ့။

ဆုံဆည်းခွင့်အလှ
အသည်းနှလုံးဂီတ
အတ္တအသွင်သစ်
တေးဖြစ်ဘယ်လိုဆိုရပ၊
သင်္ကေတတွေပျောက်ဆုံး
ငါ့အနာဂတ်အားလုံး
ပစ်မှတ်ဖြစ်သွားတဲ့အခါ
မင်းက
အရာရာကိုဥပက္ခာထား
မြားတစ်စင်းပစ်ခွင်းလိုက်စမ်းပါ
အဲဒီကစားပွဲဟာ
ရှုံးနိမ့်ပါရစေ
အဓိပ္ပာယ်ရှိစွာ ...။   ။

နေဆူးသစ်
.

2 comments:

MANORHARY said...

အဌမမြောက် အချစ်ကဗျာ ...



လှိုင်း

တက်လာတာလဲ မြင်လိုက်ရတယ်
ကျသွားတော့လဲ တွေ့လိုက်ပြန်တယ်။
ချစ်တဲ့စိတ်ကလေးရဲ့ ဘဝ
အပိုင်းပိုင်းဖြတ်ဖို့ဆိုတာ လွယ်မယောင်နဲ့ခက်၊
လင်းအားကြီးပြန်တော့
ဖြစ်ပျက် ခဲ့သမျှ
သူမဟုတ်သလို
ငြိမ်လို့…။

နေဆူးသစ်
FEB'2010 IDEA MAGAZINE

tin min htet said...

လှိုင်း ကို နံပါတ် ၇ ရွေးထားတာ။ မနော် ပို့ပေးထားတာပဲလေ။ အိုင်ဒီယာမှာပဲ ပါတဲ့ အနမ်း က ၆။