ပန်းချီ - မုတ်သုန်
(၁)မနိုးတဝက၊် နိုးတဝက်နဲ့
အိပ်မက် မက်နေတဲ့ကာလ။
လျှောက်ချင်လှပေမဲ့
ဘယ်လမ်းကလျှောက်ရမှန်းမသိ။
မသိတဝက် သိတဝက်နဲ့
အိပ်ရက်တွေပါး
ဗိုက်ခေါက်သား၊ ဂုတ်သားတွေတက်
အသက်အရွယ်သာ ကြီးလာရော
ဘယ်ခရီးမှ မပေါက်ရတဲ့ကာလ။
ကာလဆိုတဲ့ ယူဇနာ
ဘူတာစဉ် ရထားဖြတ်သလို
အမှတ်တမဲ့ ဖြတ်နေခဲ့ပြီ။
(၂)
ကမ်းခြေတလျှောက်
ပန်းအကြွေတွေကောက်ရင်း
စမ်းရေသောက်ရတာလည်း မရှိမဟုတ်။
ဒါပေမယ့် မရှိတဘဝ
ရှိခဏမျှသာ ကျေးတောကငါ
ငေးမောပြီးမြို့တက်လာ
ထိုရက်တွေဟာ
ရာဇာမဟုတ်တော့။
ဇာတာအစုတ်နဲ့
ဝါစာကမာလုပ်ပြီး
ဇရာတောအုပ်ထဲ ဝင်ရပြီ။
မဖြောင့်မတန်း
အမှောင်လမ်းတွေကလည်း
ငြောင့်တန်းလန်း
ဆူးတန်းလန်းတွေနဲ့
ဖြတ်သန်းသူတွေ
ဒုက္ခပင်လယ်ဝေစေခဲ့ပြီ။
ဘဝအိပ်မက် လျှပ်တပြက်
နတ်သက် မဟုတ်ပါဘူးကွယ်။
(၃)
ငယ်ငယ်တုန်းက လီနင်နဲ့တွေ့တယ်
ကြီးလာတော့ လင်ကွန်းနဲ့တွေ့ချင်တယ်
ချောက်ကမ်းပါးမှာ
ကြောက်အားပိုစရာ
အမှောင်ရိပ်ကြီးဟာ
ဒယီးတယိုင် ထိုးကျနေတယ်။
မင်းလည်းအမှောင်ထဲ
ငါလည်းအမှောင်ထဲမှာ
ယောင်ဆွဲသူဆွဲ
ချော်လဲသူလဲ
ပက်လက်လန်သူလန်
ရက်စက်ထန်သူထန်
အမှန်တွေ အမှားဖြစ်လိုဖြစ်
အချိုတွေ အခါးတွေဖြစ်လိုဖြစ်နဲ့
စနစ်မညီမမျှ ခေတ်ဂီတတွေ
တီးမှုတ်နေရတယ်။
ဘဝသံစဉ်မညီ
အလှဟန်သွင်
မပီတော့လို့
ဟာမိုနီတွေ ပျက်ကုန်ရပြီလေ။
(၄)
တို့ဘဝတွေဟာ
လိမ်ညာထားတဲ့
အစီရင်ခံစာတွေဖြစ်တယ်။
"မှန်ပါ့ဘုရား" ... အသံသွင်းထားတဲ့
မုသာဝါဒ သတင်းကြိုးခွေဖြစ်တယ်။
ခေါက်ရိုးကြိုးတွန့်ကြေနံနေတဲ့
အပေါ်ယံ ပင်နီတိုက်ပုံဖြစ်တယ်။
ထားရနေ စေရာသွားတဲ့
လူကြီးမင်းများရဲ့ ဓာတ်ဗူးဖြစ်တယ်။
ကြည်နူးစရာ အသက်မရှိတဲ့
ပကတိ ရိုဘော့ထ်စက်ရုပ်
ခေါင်းငြိမ့်ရုပ်မျှသာဖြစ်တယ်
ဒီထက် ဘာကမှ မပိုခဲ့ပါ။
ဒီအခါမှာ
တို့ဟာ ကဗျာမဟုတ်။
တို့ဟာ လူမဟုတ်။
တို့ဟာ အသက်မဟုတ်။
တကယ့် စက္ကူစုတ်။
(၅)
တို့ဟာ ပညာကို မကိုးကွယ်
အာဏာကို ကိုးကွယ်တယ်။
အတတ်ကို မကိုးကွယ်
သေနတ်ကို ကိုးကွယ်တယ်။
အဂတိတရားလေးပါး
ဖယ်ရှားရမယ့် အချက်ကို
ငါတို့ပွေ့ဖက်တယ်။
အရှက်ကို အရေခွာပြီး
တနေရာမှာ ချိတ်ထားလိုက်တယ်။
ဒီလိုနဲ့ ပိတောက်တွေလည်း
အသက်မပါဘဲ
အခါခါ ပွင့်ခဲ့ပြီ။
လမင်းလည်း
ခပ်ပျင်းပျင်းနဲ့
မလင်းချင် လင်းချင် လင်းခဲ့တာ
ညများစွာ ရှိခဲ့ပါပြီ ...။
တို့အသက်များကို
မုသာဝါဒနဲ့ လဲစားနေခဲ့တာ
ဇရာယွင်းဖောက်
မရဏတွင်းတောင် ပေါက်ခဲ့ပြီမို့
မိုးမသောက်တဲ့နှစ်များလို့
ကမ္ဗည်းထိုးရမလား မသိ။
(၆)
ချောင်းရေယဉ်ကြောမှာ
လောင်းလှေလေး မျှောသလိုပါပဲ
ဟောတစင်း ဟောတစင်းနဲ့
မျောခြင်းကြီး မျှောခဲ့ပြီ ...။
အုန်းညိုရိပ် လွမ်းစရာ
ကျွန်းသာယာ ကိုလည်းမတွေ့
ချမ်းမြ ဖြေစရာ
ပန်းအလှ ဗေဒါကို
မြင်ရုံသာမြင်လိုက်ရ
ခင်မင်တဲ့အဆင့် မရောက်ခဲ့။
လှေမှောက်မလား ...
ရေကြောက်သလား ...
သေမလောက် စိတ်ဒဏ်ရာ
အနာတွေနဲ့ ချည်းပါပဲ။
သက်ပြင်း ဟင်းကနဲချ
တမ်းတမိတဲ့ အတိတ်ဟာ
အရိပ်လို ခွာသွားခဲ့ပြီ။
(၇)
အနာဂတ် လူ့ဘောင်ဟာ
အခုလိုပဲ မှောင်နေဦးမလား
ယောင်တောင်တောင် ဖြစ်ရတဲ့
အမှောင်ခေတ် သက်တန်း
မျက်ကန်း ဆင်စမ်းသလို
ထင်မှန်းကြည့်နေကြတယ်။
ပန်းပုသစ်တွေနဲ့
ထုဆစ်ဖန်တီး ကြည့်ကြတယ်။
အလှဆုံးလက်ရာ
အသာဆုံးတေး
အမွှေးဆုံး ပန်းတွေနဲ့
စိတ်ကူးလမ်း ပွင့်ကြတယ်။
အိပ်မက်နဲ့ဖြစ်ရပ်
သဟဇာတ ဖြစ်ကောင်းပါရဲ့။
ညတခြား နေ့တခြား
တကယ်လို့ ကွဲပြားခဲ့ရင်
အမှားကြီးမှုဟာ
ခါးသီးမှုဖြစ်နိုင်တယ်
ဒါပေမယ့်
အိပ်မက်မပါတဲ့ ညဆိုတာ
ဘယ်မှာရှိနိုင်ပါ့မလဲကွယ်။
(၈)
ဗုဒ္ဓရှင်တော်ရဲ့ နောက်ဆုံးစကား
မင်းလည်း ကြားမိမှာပါပဲ
"အပ္ပမာဒေန သမ္ပာဒေထ"
မမေ့မလျော့
မပေါ့သော သတိနှင့်
ပြည့်စုံကြကုန်လော့ ... တဲ့။
အရာရာကို သတိသမ္ပဇဉ်
ဥာဏ်နဲ့ယှဉ်ပြီးရှု
အနုလုံ ပဋိလုံ သုံးသပ်
သတိပြတ်လို့ မဖြစ်ပေဘူး။
သတိမလစ်မှ
အရှိအဖြစ်ကို မြင်နိုင်ပေမယ်။
(၉)
ပန်းတွေကဝေပါလျက်
လမ်းတွေက မခွေစေနဲ့
မှုန်ပြေပြေ ဆည်းဆာညမှာ
အကျည်းတန် ကန့်လန့်ကာချပါလို့
မိုးသောက်ထ ရောင်နီအလာ
အောင်စည်သံသာ ကြိုရအောင်
နုပျိုတဲ့ ခွန်အားတွေနဲ့
တရားအစစ်တွေးလော့
အမှားအညစ်ဆေးလော့
ဓားအသစ်သွေးလော့ ...။
တင်မိုး
(၁၃၅ဝ ပြည့်နှစ် စာဆိုတော်နေ့ အထိမ်းအမှတ်
ဟောပြောပွဲ ကောက်နှုတ်ချက်။ ၉.၁၂.၁၉၈၈)
(မိုးမခမှ ကူးယူဖော်ပြပါသည်။)
.
No comments:
Post a Comment