Sunday, August 9, 2009

မပြီးဆုံးသေးသော . . .

ငါမမေ့သေး
အတွေးထဲတွင်
ထင်ဟပ်ဆဲလေ
နေရီချိုမြ ဆည်းဆာည။

    ငါမမေ့သေး
    အတွေးထဲမှာ
    ရာသီရွေ့ပြောင်း
    ဟောင်းရာမှသစ်
    သို့တဖြင့်လည်း
    ဖြစ်ပြီးမပျက်
    သစ်ပြီးသထက်သစ်
    နှစ်ရှည်လများ
    ဖမ်းစားနေဆဲ မြင်ယောင်ဆဲ။

ငါမမေ့သေး
အတွေးအာရုံထဲ
စွဲဝင်နစ်ခို
ဖရိုဖရဲ
အလဲလဲ အပြိုပြို
မိုးပြိုသံပွက်
ဘဝင်္ဂညံနေ
သွေးရေစီးကြောင်း အုတ်အော်သောင်း။

    ငါမမေ့သေး
    တွေးရင်းဆွေးသည်
    မပီဝိုးဝါး
    မျက်ဝန်းများနှင့်
    ကြွေလွင့်သစ်ရွက်
    မြေထက်ခပြီ
    စွေးစွေးနီသော သည်မြင်ကွင်း။

ငါမမေ့သေး
အတွေးထဲတွင်
မြင်နေသေးသည်
ဘယ်ဆီရမ်းရော်
မျှော်ထွက်ခဲ့လဲ
အသည်းဆို့နင်
မျှော်လင့်ချက်များ
ငါတို့ ရှေ့မှာ မှုန်ဝါးဝါး။

    ငါမမေ့သေး
    ရေးရေးမြင်သည်
    ငါ၏အမိ
    မတားသည့်တိုင်
    ဖြိုင်ဖြိုင်တွေတွေ
    ကျမျက်ရည်လည်း
    ငါ့အသည်းထဲ စူးနစ်ဆဲ။

ငါမမေ့သေး
မျှော်တွေးမှန်းဆ
ဘဝအတွက်
မငဲ့ကွက်နိုင်
ခိုင်ကျည်စိတ်ဝမ်း
ကြမ်းတမ်းသောမြေ
လျှောက်နေရသည်
ငါ၏ရောင်းရင်း သူငယ်ချင်းများ။

    ငါမမေ့သေး
    အတွေးထဲတွင်
    ထင်မြင်နေဆဲ
    ရဲရင့်ခရီး
    ဆက်ပြီးလျှောက်ရန်
    အဆင်သင့်ပြင်
    အသင်သတိ အမြဲရှိစေ။

ငါမမေ့သေး
အတွေးထဲတွင်
ထင်ဟပ်ဆဲလေ
နေရီချိုမြ
ဆည်းဆာညဝယ်
အမြဲတစေ
တောင်းဆုခြွေမည်
ကြွေသောကြယ်များအတွက်ရည် . . . . ။

ငြိမ်းနိုင်

(ကိုယ်ကျိုးအတွက် မျှော်မှန်းချက်မပါပဲ၊ ဘဝကို အနစ်နာခံ၊ အသက်အဆုံးရှုံးခံကာ ရဲဝံ့စွာ စွန့်စားသွားကြသော ဒီမိုကရေစီ တိုက်ပွဲဝင် ရဲရဲတောက် ကျောင်းသားရှင်လူ ရဟန်းပြည်သူများကို အစဉ်သတိရသောအားဖြင့် . . ..)

(မြန်မာကျူးပစ်ဖိုရမ်မှ ကူးယူဖော်ပြပါသည်။)
.

No comments: