ချစ်သူတို့
ယုံကြည်စွာ သောက်သုံးကြစို့
ဆာလောင်မှု ကျပ်တီးပြင်ထဲ
ဘဝဟာ
လက်ယက်တွင်း တစ်တွင်းပဲ
အရသာလည်း ငန်ကျိကျိ
အတိုင်းအတာ တစ်ခုထိ
အပြစ်တွေ ရှိခဲ့ပြီဆိုတာ
အရေးကြီးတာ
ဦးခေါင်းခွံတွေ ပျော့စိမသွားဖို့ပါပဲ
လေကွယ်ရာ ကျောက်ချရပ်ပေမယ့်
လှိုင်းပုတ်ဒဏ်တော့ ခံရဆဲ
ကမ္ဘာမှာ
ဘယ်ပင်လယ်တွေ ငြိမ်သက်ခဲ့ဖူးလဲ ...
ခုခံအားကနည်းနည်းရယ်ပါ
အာရုံတွေဟာ
ဘယ်လောက်ထိ အာသာပြင်းပြ လိုက်သလဲဆိုရင်
ရေမြေတစ်ပြင်လုံး
အခိုးအငွေ့တွေနဲ့ မွန်းကြပ်သွားရော့မယ် ...
မတွေးတောချင်ဘူး
မဆွေးနွေးချင်ဘူး
ကမ္ဘာမှာ
ဒီရေအတက်အကျတွေရှိတယ်
လပြည့် လကွယ်တွေရှိတယ်
တစ်ခါတစ်ခါ
သဘာဝကို လွန်လွန်သွားတာ
သဘာဝပါပဲလို့
သဘာဝတရားက
သဘာဝကျကျပြောခဲ့တယ်
ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့
တည်ငြိမ်နေကြတာပါပဲ ...
ရသလောက်နဲ့လည်း
မလဲလှယ်ချင်ပါ
ငတ်တိုင်းသောက်နေရတဲ့
ဒီရေငန်တွေသာ
ဓားတစ်လက်ဖြစ်ကြည့်စမ်း
ယောင်ကိုင်းနေတဲ့ တို့ဆန္ဒတွေ
အသာလေး ခွဲထုတ်လိုက်ရုံပေါ့ ...။ ။
မောင်နန္ဒ
(လှိုင်းရဲ့ ပြတင်း၊ ၁၉၉၃)
.
1 comment:
လှိုင်းရဲ့ပြတင်းစာအုပ် ကိုယ့်ဆီမှာလည်းရှိတယ်
အဖုံးလေးပါတင်ပါလား
အဲမှာ သားမွှန်းလည်းပါတယ်လေ။
Post a Comment