Monday, July 20, 2009

မျှော်လင့်ခြင်းမိုး


photo: portway-ave.blogspot.com

ဓာတ်ကြိုးပေါ်မှာ ..
ငါ့ကို ..
ငှက်ကလေးတွေကြည့်နေပုံက
ငါ့အလွမ်းကို ဓာတ်ကြိုးထဲ
ဆွဲခေါ်သွား ..။

ငှက်ကလေးရဲ့
ငါ မလွမ်းချင်ပါဘူး ..
အဲဒီ ဓာတ်ကြိုးတွေကတစ်ဆင့်
ငါ့စိတ်တွေကိုတွန်းကန်
ငါ့အလွမ်းငါ ငြင်းဆန်သလိုနဲ့
ငါ့ဘဝငါ .. နောက်ပြန်စီးမိပေါ့ ..။

မတုန်လှုပ်လိုက်ပါနဲ့
ငါလည်းပဲ ..
ကြိုးတစ်ချောင်းထဲက
ဖိုဓာတ်လျှပ်စစ်တစ်ခုရယ်ပါ ..
တစ်ကိုယ်ရေ အထီးကျန်ဆန်လို့မို့
ကိုယ့် ဒုက္ခနဲ့ ကိုယ် ပူလောင်
စီးဆင်းလာတဲ့ကောင်ပါ ..။

မလွမ်းချင်ပါဘူး .. ငှက်ကလေးရဲ့
အမေက .. ရိုးတယ်၊ လှတယ်
နောက်ပြီး .. အ တယ် ..
မိရိုးဖလာ တောင်သူအတတ်နဲ့
သူ့ဘဝသူ စာလုံးပေါင်းဖတ်နိုင်လည်း
မိုးကိုတော့ အမြဲသူမျှော်
ဪ .. ငါဟာ မိုးရေလား ..
သူ့သားငါဟာ ..
မိုးရေဖြစ်မယ့် တိမ်တိုက်လား ..
အငွေ့ပျံလို့ ကောင်းဆဲ
အမေမျှော်လှရော့မယ် ..။

ငယ်ငယ်က
ထွန်ရေးဖြောင့်အောင် မထွန်တတ်ခဲ့
ဒါကြောင့်များ ငါ့ဘဝ
ရုပ်ဆိုးကောက်ကွေ့နေထင်ရဲ့ ..
ငယ်ငယ်က
ထယ်ရေးညက်အောင် မထွန်ယက်ခဲ့
ဒါကြောင့်များ ငါ့ဘဝ
မာကြောရွတ်တွနေ ထင်ရဲ့ ..
အမေမျှော်လှရော့မယ် ..။

မလွမ်းချင်ပါဘူး ငှက်ကလေးရဲ့ ..
ရုတ်တရက်ကားဟွန်းသံ
လယ်ကန်သင်းပေါ်ဖြတ်ပျံသွား
ငါ့ ခြေထောက်ငါ ငုံ့ကြည့်မိတယ်
အမေဝယ်ပေးတဲ့ ဖိနပ်ကလေး
ဟိုး .. အဝေးမှာ ကျန်ခဲ့ပြီ ..
"ဖြစ်ကိုဖြစ်ရမယ်" ဆိုတဲ့
ငါ့ခြေရာတွေလည်း ကျန်ခဲ့ပြီ ..
"ဘာမှ မဟုတ်သေးပါလား"
ဒါကိုပဲ မကြာခဏ ထွေးထုတ်နေမိတော့
မှတ်ပုံတင်ထဲက
ငါ့ဓာတ်ပုံမှိန်ဖျဖျလည်း ကျန်ခဲ့ပြီ ..။

တကယ်တော့ .. ငါဟာ
မြို့ကြီးရဲ့ ပလက်ဖောင်းတွေပေါ်
တိတ်တဆိတ် စာသင်ခဲ့တာပါ ..။

ပလက်ဖောင်းတွေဟာ မျှော်လင့်ခြင်းလား ..
မျှော်လင့်ခြင်းဟာ ပလက်ဖောင်းတွေလား ..
လူတိုင်း လူတိုင်း ဖြတ်နင်းသွားကြ ..
ငါလည်း .. ငါ့လောဘငါ ကျောပိုးရင်းပေါ့ ..။

ဟောဒီမြို့ကြီးမှာက
ကားတွေခပ်များများ
အမှိုက်တွေခပ်များများ
ဒါတွေကို ရှောင်ရှားနိုင်ပေမယ့်
ငါ့ဘဝငါကျ ရှောင်ရှားလို့မရ ..
ဒီသင်ခန်းစာကတော့ .. ခက်ခဲလွန်းထင်ပါ့ ..
အမေမျှော်လှရော့မယ် ..။

မလွမ်းချင်ပါဘူး .. ငှက်ကလေးရဲ့ ..
မွန်းတည့်နေရောင်ခြည်တွေက
ငါ့ကိုယ်ပေါ် တစူးတစိုက်
မေတ္တာဓာတ်ခိုက်နေပုံလေ ..
ငါ့မှာ ဦးထုတ်မရှိခဲ့ပါဘူး ..
ငါ့ဦးခေါင်း ကိုငါ ..
ထမ်းထားရတာပဲ လေးလံလှပါပြီ ..
ဒါတောင် .. ဆံပင်တွေရှည်ရှည်လာခဲ့သေး
ငါ့မှာသာ တောင်ပံရှိရင်
အမေ့ဆီ အပြေးပျံလိုက်ချင်သေး ..
အမေကတော့ ..
မိုးမျှော်နေမှာ သေချာတယ် ..။

ငါကြီးခဲ့တဲ့ရွာလေးမှာ
မိုးက နှစ်စဉ်ခေါင်လို့မို့
ငါလည်း .. မိုးကိုမျှော်ရင်း
ငါ့ရွာလေးငါ စွန့်ခွာလာခဲ့ ..
ငါဟာ .. မိုးရေလား ..
အမေ့သား .. ငါဟာ
မိုးရေဖြစ်မယ့် တိမ်တိုက်လား
အငွေ့ပျံလို့ကောင်းဆဲပေါ့ ..
အမေမျှော်လှရော့မယ် ..။

မလွမ်းချင်ပါဘူး ငှက်ကလေးရဲ့ ..
ပလက်ဖောင်းတွေကလည်း ရှည်လျားလွန်းလှချည့်
လူတွေကို ငါသိတာ .. ဘာကြာသေးလို့လဲ ..
သူတို့ ကွမ်းစားကြသလို
ငါလည်း တစ်ယာပြီး တစ်ယာ ..
သူတို့ ဆေးလိပ်သောက်ကြသလို
ငါလည်း တစ်လိပ်ပြီး တစ်လိပ်။

ပလက်ဖောင်းတလျှောက်လုံး
ကွမ်းသွေးကွက်နဲ့ ဆေးလိပ်တို
အချည်းနှီးတွေချည်းပါပဲ ..
သေချာကြည့်မှ တအံ့တဩ
ငါ ထွေးလိုက်တဲ့ ကွမ်းသွေးဟာ .. ငါ
ငါ ပစ်လိုက်တဲ့ ဆေးလိပ်တိုဟာ .. ငါ
ငါ ကိုယ်တိုင်သာ ဖြစ်နေပါပကော ..။

ငှက်ကလေးရဲ့ ..
မလွမ်းချင်ပါဘူး ..
အမေသောက်တဲ့ ဆေးလိပ်တိုလောက်မှ
အမေ့အပေါ် ငါ
ခံတွင်း အချဉ်ပြေခဲ့ဖူးပါစ ..
အမေမျှော်လှရော့မယ် ..။

အခုတော့ .. ..
အမေမျှော်တဲ့ မိုးလို ..
မိုးကိုမျှော်တဲ့ ငါ့လို
ငါ့ကိုမျှော်နေမယ့် အမေ့ဆီ
သည်းသည်းမည်းမည်းသွန်းဖြိုးဖို့
အငွေ့ပျံနေတဲ့ ခန္ဓာတွေဆီ
ပြန်ကျမိုးတွေရွာသွန်းဖို့ ..

ငှက်ကလေးရေ ..
         ငါတို့မှာ ..
         မိုးလိုရွာဖို့ခွန်အားအပြည့်နဲ့
         ဒီ ခွန်အားသာပဲ
         ငါတို့ မျှော်တဲ့ မိုး ပါ .. ။  ။

မောင်နန္ဒ 

("အမေမျှော်တဲ့မိုး" လက်ရေးကဗျာ စာအုပ် ၉၅ )
(စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း  ၉၆)


1 comment:

MANORHARY said...

ဖတ်ဖူးတဲ့ကဗျာလေးပါပဲ
ခုလိုအမှတ်တရပြန်ဖတ်ရတော့လည်း
ကျေးဇူးတင်တယ်
မောင်နန္ဒကဗျာတွေရှိရင်တင်ပါဦး
ဒါထက် စကားမစပ်
ဟိုဖက်ရော ဒီဖက်ရော
word verification ဖြုတ်ပေးပါ။