၆၃ နှစ်မြောက်
လွတ်လပ်ရေးနေ့ကဗျာများ
၎ ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၁ခုနှစ်
လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီပေးရန်အတွက်
ဇန်နဝါရီလ ၄ ရက်၊ ၂ဝ၁၁ နေ့တွင် ထုတ်ဝေသည်။

(ကဗျာစာအုပ်လက်ဆောင်ပေးတဲ့ MG ကို ကျေးဇူးအထူးပါ။)
...............................................................................................................
ခေတ်ရဲ့ ရင်ခုန်သံတွေ
ခေတ်တခေတ်ရဲ့ တချိန်တခါမှာ လူထုတွေဟာ ဒုက္ခ ဝဲဩဃထဲ နစ်မွန်းပြီး ဆင်းရဲငိုကြွေးကြတယ်။ ခေတ်တခေတ်ရဲ့ တခြား တချိန်တခါမှာလည်း လူထုတွေဟာ သုခဘုံနန်းပေါ် စံမြန်းရသလို ချမ်းသာ ရယ်မောကြတယ်။
ငိုကြွေးသံနဲ့ ရယ်မောသံဟာ သမသတ် အချင်းအရာတွေ မဟုတ်ဘူး။ တူညီရင်းစွဲ အချင်းအရာတွေပါပဲ။ ကဗျာရေးသူအဖို့၊ ကဗျာချစ်သူအဖို့ ငိုသံနဲ့ ရယ်သံဟာ အတူတူပါပဲ။ ငိုသံလဲ နှလုံးသားကပဲ လာတယ်။ ရယ်သံလဲ နှလုံးသားကပဲ လာတယ်။ နှစ်သံလုံးဟာ ခံစားချက်တွေ ပါပဲ။ ဝေဒနာ ပြယုဂ်တွေပါပဲ။
ကဗျာဆရာက ငိုသံကိုရော ရယ်သံကိုပါ ကဗျာရယ်လို့ ရင်ထဲမှာ စိမ့်ယိုချိုမြိန် ဖွဲ့သီတယ်။ ကဗျာခံစားသူကလဲ ငိုသံကိုရော ရယ်သံကိုပါ ကဗျာဆရာ ဖွဲ့သီသလိုပဲ ကဗျာရယ်လို့ ရင်ထဲမှာ ကြည်နူးမြတ်နိုး စွဲညိတယ်။
ခေတ်အဆက်ဆက်မှာ ကဗျာဆရာဟာ လူတွေရဲ့ ရယ်သံကိုရော ငိုသံကိုပါ ကဗျာဖွဲ့တယ်။ ခံစားသူတွေက ကဗျာအားလုံးကို ပိုက်ထွေးတယ်။ ရယ်သံနဲ့ ငိုသံအကြား ခံစားမှုတွေ အားလုံးကိုလဲ ကဗျာဆရာက ကဗျာဖွဲ့တယ်။ ခံစားသူတွေကလဲ ကဗျာတိုင်းကို ရင်ဝယ်စိမ့်တယ်။
ဒီကဗျာစုမှာ ငိုသံရော၊ ရယ်သံရော၊ မာန်စိတ်နဲ့ အံကြိတ်သံတွေရော၊ ကမ္ဘာမကျေဘူး ဈာန်စိတ်နဲ့ အသတ်မခံ မကြွေဝေဖူးသံတွေရော၊ အမေနဲ့အတူ ဒီမိုကရေစီလမ်း အတူဖောက်၊ အတူလျှောက်၊ အတူရောက်မယ် မျှော်လင့်သံတွေရော။ စစ်ပြီးရင်းစစ်၊ ငါတို့ လူမဖြစ်တော့ဘူး၊ ပြည်တွင်းစစ်တွေ ရပ်ပါတော့၊ အော်သံတွေရော စတဲ့ စတဲ့ ခေတ်ရဲ့ ငိုသံတွေ ခေတ်ရဲ့ ရယ်သံတွေကို ကျယ်ကျယ်တမျိုး တိုးတိုးတလှည့် ကြားနေရတယ်။ ခေတ်ဝန်ကို ထမ်းပြီး ခေတ်လမ်းကို လျှောက်နေတဲ့ ကဗျာဆရာတွေက ခေတ်ရင်ခုန်သံတွေကို ကဗျာဓာတ်နဲ့ ပဲ့တင်ထပ်ကြပါတယ်။
အင်းစိန်ထောင်ရဲ့ တနေရာ အခန်းနံရံပေါ်က အုတ်နီရောင်ရဲရဲ ကဗျာတပုဒ်ကို အမှတ်ရတယ်။
ကဗျာမကြွေ
စာမသေ
အမှောင်ချွေတက်လှမ်း။
သွားတွေကြွေကြွေ
ခါးခွေခွေ
အောင်သပြေလက်ကမ်း။
အဲဒီလို အမှောင်ချွေတက်လှမ်းသံ ကဗျာတွေ၊ အောင်သပြေ လက်ကမ်းသံတွေကို ဒီကဗျာတွေနဲ့အတူ ကျွန်တော့ နှလုံးသားနားထဲမှာ ရေသမမွှေ ကြားယောင်နေမိပါတယ်။

ဟံသာဝတီဦးဝင်းတင်
၁၇ ဒီဇင်ဘာ ၂၀၁၀
၁၇ ဒီဇင်ဘာ ၂၀၁၀
No comments:
Post a Comment