တနင်္ဂနွေနေ့က ကဗျာဆရာတစ်ယောက်ရဲ့ရေးသားချက်
မှတ်ပုံတင်အရာရှိကို ပြောလိုက်သည်။
သေခြင်းတရားက ကျွန်တော့ထက် ၁၅ မိနစ် ငယ်တယ်လို့
သူတို့သည် ပြဇာတ်ထဲတွင် ပေါင်မုန့်အကြီးကြီးများကို ကိုင်၍
ကပြကြပါသည်။
ကျွန်တော်တို့သည် ဆောင်းကာလတစ်ခုလုံး
မီးတောက်မီးလျှံများကို စာတိုက်မှတစ်ဆင့်
တစ်ဦးကို တစ်ဦး ပေးပို့ခဲ့ကြ၏။
ယနေ့ခေတ်တွင်
နိုင်ငံတစ်နိုင်ငံ၏သွေးကြောနှင့်
နိုင်ငံသားတစ်ယောက်၏သွေးကြော
အကြီးအကျယ် ဆက်စပ်နေပြီဖြစ်ကြောင်းကို
မသိသူဟူ၍ မရှိသလောက်ပင် ဖြစ်ပါသည်။
အပြောင်းအလဲကြီးတစ်ခု
ကျွန်တော့်အိပ်ရာဘေးမှ တရွေ့ရွေ့ဖြတ်သန်းသွားတော့
ခြောက်အိပ်မက်များနှင့် ကျွန်တော် ကျန်ခဲ့သည်။
ကျွန်တော်တို့သည်
ပင်လယ်နှင့် ဝေးကြသော်လည်း
ပုလင်းထဲက ရေမှာ ပင်လယ်ထွက်ပစ္စည်းတစ်ခု ဖြစ်ပါသည်။
သတ္တုအရေခွံကို ခွာ၍
ကမ္ဘာကြီးထဲက ကလီစာများ အလုပ်လုပ်နေပုံကို လေ့လာရန်မှာ
စောပါသေးသည်။
ဓားအိမ်ထဲက ဓားများကိုထည့်သွင်းထားမြဲဖြစ်၏
စာအုပ်ထဲတွင် ဝါကျများ ထည့်သွင်းထားမြဲဖြစ်၏
အိပ်ထောင်ထဲတွင် ဘာမျှ မရှိပါ
ဦးခေါင်းထဲတွင် သုညတစ်လုံး ရှိပါသည်။
မုန်တိုင်းထံမှ သံကြိုးစာ ရသည်
သူ မလာတော့ဘူး တဲ့၊
ကျွန်တော်တို့သည်
ကလေးငယ်များကို သေးငယ်သော ဟင်းတုံးများ ကျွေးရသောအခါတိုင်း
အပြစ်ရှိသလို ခံစားရသော ဖခင်များ ဖြစ်ကြပါသည်။
သတ္တုကြယ်တွေ လင်းလက်ရွေ့လျားနေသော မိုးကောင်းကင်ကြီးအောက်မှ
ကျွန်တော်တို့သည် အိပ်စက်၍ မဆုံးနိုင်သော
အိပ်မက်များကို မက်နေကြပါသည်။
နေမျိုး
၎၊ ၁၁၊ ၉၉
ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်မှ
No comments:
Post a Comment