Tuesday, April 6, 2010

About Nemo

Andy Warhol
About Nemo

နီမို ... မင်းဟာ အရူးပဲ
မင်းပို့ထားတဲ့ စာအိတ်ပေါ်က တံဆိပ်ခေါင်းတွေလည်း ခွာပြီး သိမ်းထားစရာမလိုဘူး။

နီမို ... ရထားပေါ်မှာ မင်းကိုတွေ့တုန်းက
မင်း ဝတ်ထားတာ ခွေးတံဆိပ် တီရှပ်အပြာရောင်
မင်းက ပန်းသီးတံဆိပ် အင်ဒက်စတီရယ်လ်ရော့ခ်* သီချင်းကို နားကြပ်တပ်ပြီး နားထောင်နေတယ်။

နီမို ... မင်းရဲ့ နေ့လည်စာ က ခေါက်ဆွဲပြုတ်
မင်းရဲ့ မနက်စာက ကော်ဖီတစ်ခွက်
မင်းဟာ တခါတလေ စီးကရက် သောက်တတ်ရဲ့။

နီမို ... မင်းရဲ့ ညစာက ဝိုင်နီ ၊ ဒိန်ခဲ နဲ့ ရေခဲစိမ် အော်ခက်စတယာ**
အဟက်ဟက် ... ဒါဟာ မင်း စိတ်ကူးယဉ်နေကျ
နို့တစ်ခွက် တောင် နပ်မမှန်ရှာတဲ့ ဘဝ ထဲက အိပ်မက်..

နီမို ... အိပ်မက်ဆိုလို့ မင်းဟာ အိပ်မက် သိပ်မက်တတ်တဲ့ကောင်ပဲ
မင်း ရဲ့ အိပ်မက်တွေက များလွန်းလို့ စတိုခန်း ထဲ ပစ်ပစ်ထည့်ထားတယ်။
စိတ်မကောင်းစရာက လေမှုတ်ထည့်ထားတဲ့ ကျွတ်ကျွတ်အိပ်တွေလိုပဲ ...
မင်း ရဲ့ အိပ်မက်တွေက ရီဆိုင်ကယ်လ် လုပ်လို့မရ ၊ ဟောဒီ ပတ်ဝန်းကျင် နဲ့ ကမ္ဘာကြီးကို ညစ်ညမ်းစေသတဲ့။
မင်းကို ကြည့်ရတာ အရမ်းပျင်းစရာကောင်းတယ် ကွာ ...

နီမို ... မင်းမှာ အသက်ဓာတ်မရှိဘူး
မင်း မှာ ယုံကြည်မှုမရှိဘူး
မဟုတ်ဘူး ... မင်း ဘာကို ယုံကြည်ရမှန်း မသိဘူး။

နီမို ... မင်း ဟာ တခါတလေ သခင်တယောက်လို့ ကြီးကြီးကျယ်ကျယ် ဟန်ကိုယ့်ဖို့ ပြပေမယ့်
အမှန်က မင်းဟာ ကျွန်စုတ်တစ်ယောက်လောက်တောင် ခမ်းခမ်းနားနား မရှိရှာဘူး။
ကျွတ်စ် ... စိတ်မကောင်းစရာက မင်းမှာ မိတ်ဆွေမရှိဘူး..ချစ်သူမရှိဘူး။

ပြီးတော့ ...
နီမို ... မင်းဟာ ဘာကောင်မှမဟုတ်ဘူး။


Incubuz
29th March 2010

* Industrial Rock
**Orchestra

(မြန်မာ့မျှားနတ်မောင် ဖိုရမ် မှ ကူးယူဖော်ပြပါသည်။)
.

1 comment:

ခံစားသူ said...

is that what happening in our young generation?
How sad! ... မင်း ဘာကို ယုံကြည်ရမှန်း မသိဘူး။