Friday, February 26, 2010

၁၆နှစ်သားနှင့်စကားပြောခြင်း

၁၆နှစ်သားနှင့်စကားပြောခြင်း

သား ...
ကျွန်တော့်စကား
မမှားမှန်း သူသိတယ်။
သူနားမထောင်ချင်ဘူး
ကျွန်တော့်စကားဟာ
ခေတ်တရားနဲ့ မညီ
ပဝေဏီက ပေါရာဏစကားလို
နားမချိုစရာ ဖြစ်မိတယ်။
ခေတ်စကားနဲ့ ခေတ်တရားကိုပဲ
သူနားထောင်မယ်။

သား ...
ကျွန်တော့်စကား
ပျားသကာလိုချိုပြီး
စေတနာပိုမှန်း သူသိတယ်။
ဒါပေမယ့်
သူ့နားမှာ မဝင်ဘူး။
ကျွန်တော့်စကားနဲ့ သူ့နား
ခေတ်တွေခြားခဲ့ပြီ။
ကျွန်တော့်ခေတ်စကားဟောင်း
နားပြောင်းပြန်ဖြစ်နေတယ်။

သား ...
ကျွန်တော့်စကား
အဆင်တန်ဆာများတယ်လို့ ထင်တယ်။
စကားတန်ဆာ နားတန်ဆာဆိုတာ
ခါးတမာပါပဲ။
မေတ္တာအပြုံးဆေးဟာ
ခေတ်နဲ့ကွာတဲ့ အရှုံးပေးမှုပါပဲ
သား အရှုံးမပေးနိုင်ဘူး။
နှလုံးမအေးနိုင်ဘူး။
အမုန်းသွေးကြွနေတယ်။
သားဟာ ဒေးဗစ်ချန်း
သားဟာ ဆူပါမင်း
သားဟာ ရမ္ဘို
သားဟာ ...။

ယဉ်ကျေးပျူငှာမှုတွေဟာ
အလိမ်အတုတွေပဲ
စကားလုံးဝါကျတွေဟာ
ဟန်ဆောင်မှုတွေပဲ။
ဖေဖေတို့ လူကြီးတွေဟာ
လိမ်တယ် ကောက်တယ်။
အခွင့်အရေး တစ်မူးတစ်ပဲကို
ဘိန်းဖြူစွဲသလို စွဲနေတယ်။
သား လူကြီးတွေနဲ့ မနေချင်ဘူး။
သား သိုင်းသမားတွေနဲ့ နေမယ်။
သေနတ်သမားတွေနဲ့ နေမယ်။
တန်ခိုးရှင်တွေနဲ့ နေမယ်။
သူရဲကောင်းတွေနဲ့ နေမယ်။
သား စကားမပြောချင်ဘူး။
ဖေဖေဟာ သားကို ချစ်မှန်း သိပါတယ်။
သားကို ချစ်သလောက်
တရားကိုရော ချစ်ပါသလား။

အလို..ဗုဒ္ဓေါ
မလွယ်ကြောပါလား။

တင်မိုး
၂၅၊ ၃၊ ၁၉၈၈
.

1 comment:

လျံနိုး said...

တော်တော်ကြိုက်တယ်... ကျွန်တော်ရယ် ကျွန်တော့်အဖေရယ် ကြုံရတဲ့အတိုင်းပဲ ...