Wednesday, February 17, 2010

ကိုက်လန်ကြော်

ကိုက်လန်ကြော်

(...)
မထွက်သေးတဲ့ဈေးသည်နဲ့ မကွဲသေးတဲ့ဈေးအလယ်
ငါဘာရပ်လုပ်နေတာလဲ .. နေဝင်တော့မယ် .. ခရမ်းချဉ်သီးရှာမရသေးဘူး
ဖြူစွတ်စွတ်ပုဝါဖူးတွေ နိုဝင်ဘာအဖျားမှာ
ရွက်စိမ်းများကြားက ရုန်းထနေကြတယ်

(.)
အဖြူဖူးတွေနဲ့ ကိုက်လန်ကမဆိုးဘူး
အဝါဖူးတော့မဝယ်မိစေနဲ့ ..
ငါးခက်တစ်စည်းကို ကောက်ကိုင်လိုက်တော့
ငါ့ကိုသတိရတာလား
ငါကသတိရတာလား
သေချာမကွဲပြားပေမဲ့ ကြက်ဥနှစ်လုံးဝယ်ခဲ့တယ် ..

(..)
အဲဒီ့ကလေးတွေ အင်္ကျီမပါဘူး ညရောက်ရင်ဘယ်လိုလုပ်မလဲ
ငါကတော့ဆောင်းကို ခြုံအိပ်ရတာသိပ်သဘောကျတယ် ..
ဒါပေမဲ့ ဆီတွေပူနေပြီ ဘာကိုအရင်ထည့်ရမလဲ ..
ဓါတ်ပုံဟောင်းတွေလား ဓါတ်ပုံတွေကအချိန်ကိုထိန်းသိမ်းထားလို့
လူတွေက ဟောင်းသွားတာ ..
ပြောင်းလဲခြင်းကိုရေစင်အောင်ဆေးပြီးထည့်လိုက်တယ်

(.)
အရွက်တွေစုပြီးလှီးနေတဲ့ ဒါးသွားက ငါ့စိတ်တချို့ကိုဖြတ်တောက်လိုက်သလား ..
လှလှပပကြည့်ကောင်းနေတဲ့လက်ချောင်းကလေးများအောက်မှာ
ကိုက်လန်အရွက်တွေမရုန်းနိုင်တော့ဘူး .. ဖွာခနဲ ပြတ်ကျ ..
အကောင်းဆုံးမဟုတ်ရင် မလိုချင်ဘူး
ဇကာထဲမှာ ကိုက်လန်အပိုင်းအစတွေအတုံးအရုံး .
နေပါစေအမြစ်တွေမလိုဘူး .. ပိုးပေါက်တွေခြွေပြီးပြီ ..

(..)
ခရမ်းချဉ်သီးအနီရောင် နုနုတွေ အဘွားအိုလက်နဲ့ သိပ်မလိုက်ဘူး
ငါဘာကူရမလဲ ပါးစပ်ပိတ်ပြီး ဖယောင်းတိုင်ကိုငေးနေလိုက်တယ်
မလိုအပ်လို့ပစ်လိုက်တဲ့ ကိုက်လန်အရိုးတွေထဲ
ငါစိတ်ကူးတွေအိပ်မက်တွေပါသွားသလား
ရုတ်တရက်
ငါ့ဦးခေါင်းကိုယူပြီး စားပွဲဇောင်းနဲ့ရိုက်လိုက်တယ်
အက်ကြောင်းရာကိုခွာရင်း ငါ့ဦးနှောက်ကို ပန်းကန်ထဲထည့် ခလောက်နေပြီ
မှားနေပြီ .. မှားနေပြီ .. မှားနေပြီ
ငါ့အကာနဲ့အနှစ် .. မှားနေပြီ ..

(.)
သူ့လက်နှစ်ဖက်နဲ့ ဘဝအာရုံတစ်ခုကို ဒယ်အိုးထဲထည့်နှစ်ထားတယ်
အနောက်ကကြည့်ရင် လက်မပါဘူး ကျောပဲတွေ့ရမယ်
ကိုက်လန်ကြော်တယ်ဆိုတာ အရသာကောင်းဖို့ပဲကြော်ကြတာ
စေတနာထည့်ထားလား
မျှော်လင့်ခြင်းထည့်ထားလား
ယုံကြည်မှုထည့်ထားလား
ဘယ်သူမှမသိကြဘူး
ဘယ်သူမှမသိကြဘူး
ဘယ်သူမှမသိကြဘူး
အနံ့ထွက်လာရင် လျှာတွေပြင်ကြမယ် ပြန်မယ်ဆိုဘယ်သူကသိမှာလဲ
ပန်းကန်ပြားထဲနောက်ဆုံးကျန်တဲ့ ကိုက်လန်နဲ့ကြက်ဥဖတ်ကို
ဘယ်သူနှိုက်မလဲကြည့်နေကြတယ် .. ဒါဟာအကြင်အနာပြပွဲဆိုယုံမလား
အနာအကျင်တွေမဖြစ်ဖို့ ကိုက်လန်ကြော်နဲ့ ငါပါသွားပြီ

(..)
နံရံပေါ်က နာရီက ပြန်မဲ့အချိန်ကိုပဲပြနေတာ သဘာဝဆိုရင်
ကိုက်လန်နဲ့ကြက်ဥမွှေကြော်တာမဆန်းပါဘူး
ပခုံးပေါ်မေးတင်ပြီးကြည့်လိုက်တော့
ခရုဆီ .. ဆား .. ဆီ .. အကြင်နာ .. နဲ့
အပြုံးတွေထောင်းထောင်းထမွှေးခဲ့တယ်
မီးကိုနဲနဲလျှော့ပြီး သုညတွေဖယ်ထုတ်လိုက်ရင် ..
စာအုပ်တွေအလကားပဲ
သီဝရီတွေကြော်မရဘူး
၅၀ဝ၀ တန်နဲ့ပေးဝယ်အုံးမလား .. မရတော့ဘူး ။

(ဝ)
လျှာဖျားပေါ်က စက်တင်ဘာ အရသာတွေ
ဥတုဘယ်လောက်ကြမ်းနေပါစေ ..
ငါ့ ကိုက်လန်ကြော်က
ရင်ခွင်ပြိုနတ်ဘုရားကို သွေးမျက်ရည်နဲ့
ဒူးထောက်လဲစေခဲ့တယ် ..။

nelayne

(မြန်မာကျူးပစ် ဖိုရမ်မှ ကူးယူဖော်ပြပါသည်။)
.

No comments: