Thursday, February 11, 2010

မငြိမ်းနိုင်သော မီးလျှံများနှင့်


မငြိမ်းနိုင်သော မီးလျှံများနှင့်

သမိုင်းမီး
အရိုင်းမီး
အတိုင်းမသိတဲ့မီးတွေနဲ့
လောင်မြိုက်နေဆဲ
တလှေထဲစီး
တခရီးထဲသွား
ညီနောင်များ။

အမုန်းတရားကိုလက်ဆင့်ကမ်း
ဆက်လှမ်းလို့ယူဆောင်လာကြ
သူကငါ့ကိုနှိမ့်ချ
ငါကသူ့ကိုတုံ့ပြန်
တရားခံမောဟတွေနဲ့
ဒေါသတွေခြံရံလို့
သက္ကရာဇ်တွေအိုလို့ဟောင်း
သမိုင်းကြောင်းကဘယ်လိုမှမပြောင်းနိုင်
မဆုံးနိုင်တဲ့သွေးသမိုင်းဟာ
ဘယ်သောအခါမှ နိဂုံးတိုင်မလဲကွယ်။

တခါက
ရဲရင့်သူများဟာ
အရိုင်းသမိုင်းမှာ စာမျက်နှာဆက်မပွားစေဖို့
အတိတ်ဆိုးတွေထားရစ်လေလို့
မှင်တို့ကာဂတိပြုခဲ့ပေမဲ့
ဂျင်တဲလ်မန်းအဂရီးမန်းဟာ
ဂျင်းတဲလ်မန်းတွေမရှိတော့တဲ့အခါမှာ
အလေးအပေါ့အခန်းက စက္ကူစုတ်ပမာပျက်စီးသွား
(ခံလိုက်ရသူများက)
ငါတို့အလှီးခံလိုက်ရပါလားလို့
အံကြိတ်ကာဒေါသမီး တငြီးငြီးတောက်လောင်ကြပြန်ရောလေ။

စကားမတူတဲ့
ခွေးနဲ့ကြောင်တောင်
အတူနေတာကြာရင်
သံယောဇဉ်ဖြစ်
ချစ်ခင်ကြသတဲ့။

စကားမတူ အသားမတူပေမဲ့
တရေထဲသောက် တမြေထဲပေါက်ပွား
တို့များလောက်ရင်းနှီးကြတာရှိအုံးမလားလေ။

သမိုင်းတွေဟာ အဝေးမှာကျန်ရစ်ပါပြီ
ဒါပေမဲ့ ပစ္စုပ္ပန်ဆီဆွဲလာတဲ့အခါ
အတွေးတွေမှာပြည်ခဲ
သွေးဟာနီရဲလို့
မပီမကွဲတဲ့ မျက်ဝန်းတွေမှာ
သူဟာလူသား
ငါဟာလူသားအသိပျောက်ဆုံး
တိရစ္ဆာန်လုံးလုံးဖြစ်ကြ
မဲညစ်နေတဲ့ နေ့သစ်တွေမှာတော့
မျိုးဆက်သစ်တွေဟာ
သွေးညှီလေတွေရှိုက်ကာကြီးပြင်း
သတ်ကွင်းတွေထဲခုန်ချ
နေကြရဆဲ
ကောင်းကင်မဲမဲအောက်မှာလေ။

mokenlay (မော်ကင်းလေး)
11.2.2010

(မြန်မာကျူးပစ်ဖိုရမ်မှ ကူးယူဖော်ပြပါသည်။)
(မူလက "ပင်လုံမှာ တခါဆုံဖူးခဲ့ကြပါသည်" လို့ နာမည် ပေးထားခဲ့ပါတယ်။)
.

2 comments:

မေငြိမ်း said...

တကယ် ခံစားချက်ပါတဲ့ ကဗျာပဲ.. ဖတ်ရင်း မျက်ရည်တောင် လည်လာမိတယ်...

"စကားမတူတဲ့
ခွေးနဲ့ကြောင်တောင်
အတူနေတာကြာရင်
သံယောဇဉ်ဖြစ်
ချစ်ခင်ကြသတဲ့။

စကားမတူ အသားမတူပေမဲ့
တရေထဲသောက် တမြေထဲပေါက်ဖွား
တို့များလောက်ရင်းနှီးကြတာရှိအုံးမလားလေ။" :(

Anonymous said...

ခံစားရတယ်ဗျာ။ ဒီမီးလျှံတွေ အမြန်ဆုံး ငြိမ်းပါစေ။

ဝင်းလွင်