Thursday, September 24, 2009

မိဘမဲ့ + ကလေးတို့ရေ

ပထမတပုဒ်က မြန်မာများအတွက် မြန်မာ (M4M)
ဘာကြောင့်ဖွဲ့စည်းဖြစ်ကြလဲ ဆိုတဲ့ နောက်ခံပါ ...
ဒုတိယတပုဒ်က ဒီလို ဖွဲ့စည်းဖြစ်ရာကနေ ဖြစ်ပေါ်လာတဲ့
စာသင်ကျောင်းဆောင်လေး အကြောင်းပါ ...



Photo: realmedicinefoundation.org

မိဘမဲ့

၂ လ သမီးကလေးတစ်ယောက်တွေ့တယ်......။

အနှီးနွမ်းတစ်ထည်နဲ့
သေသေချာချာ ထုပ်ထားလို့၊
အန္တရာယ်ကင်းပရိတ်ကြိုးကလေး
လည်မှာဆွဲလို့၊
အမေက
သူ့နောက်ဆုံးခွန်အားနဲ့
သစ်ပင်ကိုင်းမြင့်ထက်ချည်နှောင်ခဲ့၊
၅ ရက်ကြာသည်ထိ
သမီး သက်ရှင်ခဲ့။
ကယ်ဆယ်ခံခဲ့ရတယ်.......။

အမေ အဖေဘယ်မှာသူမသိ၊
မရှိနိုင်ကြတော့......။
ဒုက္ခသည်စခန်းက အမေတွေခမျာ
မိခင်နို့တွေမျှတိုက်ကြ၊
ဒါပေမယ့် ဘယ်လိုလုပ် လုံလုံလောက်လောက်ထွက်နိုင်မတဲ့ကွယ်......။

ဒီလိုသမီးတွေ
ဒီလိုသားတွေကို
စောင့်ရှောက်ပေးကြပါ။
ကယ်တင်ပေးကြပါ။
ကြင်နာပေးကြပါ။

သူတို့ကို
နောက်ဆုံးခွန်အားနဲ့
ပင်မြင့်ထက်ချည်နှောင်ပေးခဲ့
သူတို့အမေတွေကို
ကိုယ်ချင်းစာတတ်ကြမယ်ဆိုရင်......။

သူတို့တွေ မိဘမဲ့ရင်မဲ့မယ်
အကြင်နာမမဲ့စေရဘူး။
သူတို့တွေ မိဘမဲ့ရင်မဲ့မယ်
ထမင်းဝစေရမယ်။
သူတို့တွေ မိဘမဲ့ရင်မဲ့မယ်
ပညာတတ်စေရမယ်။
သူတို့တွေ မိဘမဲ့ရင်မဲ့မယ်
လူဖြစ်စေရမယ်။

ဘော့ကျန်

( စာကြွင်း။   ။ ဒုက္ခသည်စခန်းဆိုသည်မှာ သူတို့နယ်ရှိ အကြီးဆုံးသော
ရွာတစ်ရွာရှိ ဘုန်းတော်ကြီးကျောင်း၏ ဆရာတော်က စောင့်ရှောက်ထားသော
အကာအရံရှိသော ခိုလှုံစရာနေရာကို ဆိုလိုသည်။
အမေကချည်ခဲ့တာလို့ ပြောတာက ထမီကွင်းနဲ့ ချည်ထားခဲ့လို့ပါ )





Photo: myanmarcupid.net

ကလေးတို့ရေ

ကလေးတို့ရေ

ပျော်ရွှင်ဖွယ်နံနက်ခင်းပါကွာ။ မင့်တို့အတွက် ပုံမှန်နံနက်ခင်းကလေးတစ်ခုပါပဲ။

အသန့်ပြန့်ဆုံးသော အဝတ်အစားများကို ဝတ်ဆင်လို့၊ အမေလိမ်းခြယ်ပေးလိုက်တဲ့
သနပ်ခါးပါးကွက်ကြားနဲ့၊ မင့်တို့ လှမ်းခဲ့ကြ၊ စာသင်ခန်းဆီကို။ ကျောင်းတံခါးဝကနေ
အထဲကို လှမ်းကြည့်လိုက်တဲ့ မင့်တို့မျက်နှာကလေးများ သန့်ရှင်းလွန်းတယ်ကွယ်။
ကင်မရာကို လုယက်ဝိုင်းကြည့်ကြ၊ မင့်တို့ အပျော်များ၊ ငါတို့ဆီကူးစက်၊
"ကြာဇံကြော်ကျွေးမှာကွ"၊ ပကာသနမပါတဲ့ စကားသံ၊ ငါတို့ ဘယ်မေ့ပါ့မလဲ။

ကြိုးစားကွာ၊ ဦးသန့်ဆိုတာလဲ ဒီလိုကျောင်းကလေးမှာပဲ ပညာသင်ခဲ့တာကွ၊
ဆရာဇော်ဂျီကိုလည်း ဒီလိုကျောင်းကလေးကပဲ မွေးထုတ်ခဲ့တာကွ၊
ဆန်းထွန်း (မန်းတက္ကသိုလ်) ဆိုတဲ့ ဆရာကြီးဟာလည်း ဒီလိုကျောင်းကလေးမှာ
မူလတန်းတက်ခဲ့ဖူးတယ်ကွယ့်။

မင့်တို့ထဲမလဲ၊ တစ်နေ့ နိုင်ငံတကာသိ မြန်မာလူကြီးလူကောင်းတွေ၊
မြန်မာစာရေးဆရာကြီးတွေ၊ မြန်မာမှုပညာရှင်ကြီးတွေ ပေါ်မလာဘူးလို့
ဘယ်သူပြောနိုင်မလဲ။

မင့်တို့ရဲ့ ကြိုးစားမှုက မင့်တို့ကို အဲဒီဗွက်ထဲက ဆွဲထုတ်ပေးလိမ့်မယ်။ မင့်တို့
အိမ်ရှေ့မှာလမ်းတွေ ခင်းပေးလိမ့်မယ်။ မင့်တို့အခန်းကို လျှပ်စစ်မီးတွေနဲ့
အလင်းရောင်ပေးလိမ့်မယ်။ မင့်တို့အမေရဲ့ မီးဖိုချောင်၊ စားစရာတွေ ဖြည့်ပေးလိမ့်မယ်။
မင့်တို့ကိုယ်ပေါ် အင်္ကျီလှလှတွေ ဝတ်ပေးလိမ့်မယ်။ မင့်တို့ ခြေထောက်တွေကို
ဖိနပ်ကောင်းကောင်းတွေ ဆင်ပေးလိမ့်မယ်။

"မပူပါနဲ့ကွာ၊ အဲဒီအချိန်ရောက်လာရင် မင့်တို့ခြေထောက်တွေဟာလည်း
သန့်ပြန့်နေပြီးသားပဲဖြစ်မှာပါ"

ဘော့ကျန်

(ကဗျာ ၂ ပုဒ်လုံး မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြခဲ့ပြီး။)

No comments: