Saturday, September 5, 2009

သူငယ်ချင်းရေ


ပန်းချီ - မောင်မောင်တင်

သူငယ်ချင်းရေ

ပွိုင့်ကို မော်တာတည့်တည့်မှန်ခဲ့တုန်းက။ မင်းနဲ့ငါနဲ့ ငါတို့ အိမ်ပြူတင်းပေါက်ကနေ
ခေါင်းကလေးတွေပုလို့ ငေးမောကြည့်ခဲ့ကြဖူးတယ်။ ပေပေါင်းများစွာ
မြောက်တက်သွားတဲ့ တကယ့် ဘဝတွေရဲ့ ပြကွက်တွေ မင်းမှတ်မိလား သူငယ်ချင်း။
တပ်ရင်းလိုက်ကျသွားတဲ့ အခေါက်က၊ အသုဘရထားကြီး ဆိုက်လာတာကိုလည်း
ငါတို့ ကန့်လန့်ကာကြားက ချောင်းကြည့်ခဲ့ဖူးတယ်။ ၇-မိုင်အကွာအဝေးမှာ
မင့်အဖေ ဓားပြသုံးခါ အတိုက်ခံထိဖူးတယ်ဆိုတာ၊ ငါ့မိဘတွေ သက်သေရှိတယ်သူငယ်ချင်း။

ရှမ်းကျောင်းကုန်းဘက်မှာ ယမ်းငွေ့တွေ ဝေတုန်းကလဲ။ မိုးခြိမ်းသံများအလား၊
တုန်ဟီးနေခဲ့တာ။ မိုးအလင်းပေါက်ပါပဲ။ မီးရှူးမီးပန်းအလှဖေါက်ကြတာမဟုတ်ဘူး။
မီးတစ်ချက်အပွင့်မှာ ငြိမ်းချမ်းရေးရသွားတဲ့သူတွေရှိတယ်။

ငါတို့ ငယ်ငယ်က ဒေါင်းနီတို့နဲ့ သေနတ်ပစ်တမ်းဆော့ခဲ့ဖူးတယ်။
ငါတို့ အိမ်မြောက်ဘက်က ဒေလီယာအရိုင်းပန်းတောကြီးထဲမှာ။

အခုဟာက သေတယ်မသေဘူး ငြင်းစရာမလိုဘူးသူငယ်ချင်း။ သေနတ်မှန်သွားတဲ့သူက
မငြင်းနိုင်တော့ဘူးလေ။ ညဖက်ဘယ်က ရောက်လာမှန်းမသိတဲ့ အမိန့်ဆိုတာတွေနဲ့
တိုက်ခိုက်ကြပြီးတဲ့နောက်၊ ဈေးထိပ်မှာ ဘယ်သူတွေ ကျသွားသလဲ၊ ငါ့ညီတွေ မောင်တွေ
ပါသွားသလားဆိုတာကို တစ်ဖက်က သူတွေ ဈေးလာဆင်းဝယ်တာစောင့်ပြီး
မေးခဲ့ကြရတဲ့ ဘဝတွေကို မင်းမှတ်မိလား။ အဲဒီမျက်နှာတွေကို မင်းမှတ်မိလား။

"မနက်ဖြန် အိမ်ထဲမှာနေပါ"
အခု ဈေးထဲမှာ စာတွေ ဝေနေကြပြန်ပြီသူငယ်ချင်းရေ...။

ငါငိုနေတယ်သူငယ်ချင်း။ မင်းကောင်းရာသုဂတိရောက်ပါစေ။

botchan

(ကို) botchan ကဗျာကို မြန်မာကျူးပစ်မှ ကူးယူ ဖော်ပြပါသည်။
ပန်းချီမာင်မောင်တင် ၏ ပန်းချီကားကို www.burmesepaintings.org မှ ရပါသည်။
သူ့အကြောင်းကို www.irrawaddy.org/print_article.php?art_id=8045 တွင် ဖတ်နိုင်ပါသည်။

.

1 comment:

Anonymous said...

ဒီကဗျာရော ဒီပန်းချီရော အရမ်းမိုက်တယ်ဗျာ။ အရမ်းမိုက်တယ်။ ပန်းချီထဲမှာ ခလေးငယ်ရဲ့ ပြည်တွင်းစစ်ဒဏ်သင့်နေတဲ့မျက်နှာ၊ မိခင်ရဲ့ ပါးရေတွန့်နေတဲ့လောကဓံထဲကနေ ရရင်ရသလိုပေးမဲ့ မေတ္တာအနမ်း။ ကဗျာဆရာဟာ အနုပညာမြောက်စွာ (ပါးနပ်စွာ) ဘက်(side) တခုခုမှာ ရပ်တည်မရေးခဲ့ဘူး။ သေချာတာက i don't need your civil war ဆိုတာကို အပီအပြင်တင်ပြသွားနိုင်ခဲ့တယ်။မိုက်တယ်။