Tuesday, September 1, 2009

ကံစီမံရာ လရောင်များ (ကေဇော်)

 .
သပြေရွက်ရေ
.
မင်းကြီးဦးစသည်
မြန်မာသူရဲကောင်း စာဆိုတဦး ဖြစ်ပါသည်။
.
နေရောင်အောက်တွင်
စစ်ထွက်သူ၏ ဓားသည်
တိုက်ပွဲများဆီသို့ သွားနေသော်လည်း
လရောင်အောက်တွင်
စစ်ထွက်သူ၏ နှလုံးသားသည်
ချစ်သူ အိမ်တံခါးသို့ ပြန်နေသည်။
.
ပြန်ရန်အိမ်မရှိသော
ကျွန်တော့် နှလုံးသား၏ အလွမ်းများသာလျှင်
အနုပညာကြီးထဲ၌ ပိတ်လှောင်၍
နေ့ရောညပါ ဟောင်းနွမ်းသွားရပေမည်။
.
ကေဇော်
.
.
.
.
.
ဆောင်းနတ်မယ်
.
တယ်လီဖုန်းလေးသည်
အနွေးထည်လေး တထည်ပမာ
မြူနှင်းတွေ ဘယ်လောက်ကြမ်းကြမ်း
လူတွေ သတ္တဝါတွေ အချစ်စိတ်တွေ
ဘယ်လောက်ချမ်းချမ်း
ဒီ တဆောင်းကို
သူမ၏ အသံဖြင့် ကျွန်တော်ခုခံမည်။
.
ကောင်းကင်က ကြယ်တွေ
နာလိုခံခက် ဖြစ်အောင်
ချစ်သူ့ စကားသံဖြင့်
နှလုံးသားတို့ အစွမ်းကုန်လင်းလက်ကြသည်။
.
မမျှော်လင့်သော တညသ၌ဝယ်
ကျွန်တော့် ရင်ထဲ၌
ပင်လယ်ကြီးတခုကို တွေ့ရ၏။
.
တယ်လီဖုန်းခေါ်သံနှင့် သူမ အကြား
မြင့်မိုရ်တောင်ကြီးခြားနေသည်။
.
ညကြီးမင်းကြီး
လမ်းမီးတိုင် ဝါဝါတွေအောက်၌
နှင်းတွေ နှိပ်စက်သမျှ
တယ်လီဖုန်းကလေး
ခိုက်ခိုက်တုန် ချမ်းရ၏။
.
ထို့အတူ ခုနှစ်ဆောင် ဘုံမြင့်၌
နှင်းဆီပွင့်လေးရော အိပ်ပျော်ပါရဲ့လား။
.
ကေဇော်
.
 
.
Photo: damselfly58@flickr
abstract.desktopnexus.com
.

1 comment:

Unknown said...

မင်္ဂလာပါ..ဆရာကေဇော်...
ကျနော်က...ဆရာကေဇော့်ကဗျာလေးကို...ဆောင်းနတ်မယ်သီချင်းလေးထဲမှာ..နားထောင်ရကတည်းက...အရမ်းကြိုက်သွားခဲ့တာပါ...ဆရာကဗျာရေးတယ်ဆိုတာကို...မသိခဲ့ပါဘူး...ဆရာ့ရဲ့အနုပညာအားလုံးကို...လေးစား...မြတ်နိုးလျက်..အားပေးနေပါတယ်...