Friday, August 28, 2009

ကံစီမံရာ လရောင်များ (ကေဇော်)

ကံစီမံရာ လရောင်များ ကဗျာစု
.
ကေဇော် (မန္တလေးသိန်းဇော်) ၏ ရွှေပွင့်လွှာ အခွေ နားထောင်ရပါသည်။
ကိုစောညိန်း၏ သီချင်းများကို ပြန်ဆိုထားသော အခွေဖြစ်ပြီး၊
သီချင်းတိုင်း၏ ရှေ့တွင် ကဗျာ တပုဒ်စီ ရွတ်ထားပါသည်။
ကံစီမံရာ လရောင်များ ကဗျာစုဟု သိရပြီး။ စာအုပ်ထွက် မထွက် မသိပါ။
ကဗျာ ခေါင်းစဉ်ကို သက်ဆိုင်ရာ သီချင်းနာမည် တပ်ပေးထားပါသည်။
.
.
.
ချစ်ပြုံးနှင်းဆီ
.
လေညင်းသည်
မနက်ခင်း၏ မှန်တံခါးချပ်များအား
အ သာ အ ယာ ဖွင့်ကြည့်လိုက်စဉ်

နှင်းဆီပွင့်လေးတွေကို ပုံတူဆွဲရန် ကြိုးပမ်းနေသည့်
ပန်းချီသင်တန်းသူ နှင်းဆီပန်းလေး တပွင့်အား
အမှတ်မထင် မြင်တွေ့ခဲ့ရပြီး နောက်
.
နေ့ညအစဉ်
ကျွန်တော်၏ စိတ်အတွေးများသည်
ကမ္ဘာမြေ၏
နူးညံ့မှု၌လည်းကောင်း
သဘာဝပတ်ဝန်းကျင်ကြီး၏
အလွမ်းတေး၌လည်းကောင်း
လူတယောက်နှင့် နှင်းဆီပန်းလေးတပွင့်၏
တယောသံ၌လည်းကောင်း
အစဉ်သဖြင့် ဆွတ်ပျံ့လှပစွာ ခိုတွဲ၍ နေပါသည်
.
ထိုသို့သောအခိုက်
အချစ်သည်
ပန်းနှင်းဆီအငုံလေးထဲမှနေ၍
ကျွန်တော့်အား ပြုံးနေပေလိမ့်မည်။
.
ကေဇော်
.
.
 .
.
.
 ဆည်းဆာ
.
စီးဆင်းနေသော မြစ်၏နံဘေးတွင်
လွမ်းဆွေးနေသည့် ကမ်းပါးတွေရှိသည်။
.
တစ်ဦးနှင့်တစ်ဦး အမှန်ချစ်လျှင်
ငှက်ကလေးတွေပင်
အတူပျံသန်းခွင့် ရပါသည်။
.
တခါရံ၌ တိမ်တွေလှပခဲ့သည်ကို
တဘဝလုံး မျှော်တွေး၍
ကောင်းကင် ငေးသူ။
.
အဝေးမှညနေသည်
အတောင်ပါသော အလွမ်းများပင်ဖြစ်သည်။
.
ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ
လူ အဖြစ်ကို ကျွန်တော်ရလိုသည်။
.
ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ
လူ့ အဖြစ် ကိုကျွန်တော်ရလိုသည်။ 
. 
ကေဇော်
.
 
.
Photo:  inlovewithchrist.wordpress.com
freepages.genealogy.rootsweb.ancestry.com
.

2 comments:

MANORHARY said...

စကားလုံးတွေကို သိပ်လှအောင်
သိပ်နူးညံ့အောင် စိတ်အကြည်ဓါတ်လှလှနဲ့ဖွဲ့နိုင်တဲ့ကဗျာဆရာ

မေ said...

ကဗျာလေးတွေ အရမ်းနူးညံ့တယ်
ဟိုးအရင်ကတည်းက ညီမလေးတယောက်ပြောလို့ အဲဒီ ခွေကို ကြည့်ချင်နေတာ ... အဓိကက ကဗျာရွတ်တာ နားထောင်ချင်လို့ ...
ကျေးဇူးအထူး ကိုထက် :)