Thursday, July 23, 2009

ဦးချစ်ဆိုင်မှာ စိုင်းထီးဆိုင်အခွေသစ် ဖွင့်တဲ့နေ့က ..

ဦးချစ်ဆိုင်မှာ စိုင်းထီးဆိုင်အခွေသစ်ဖွင့်တဲ့နေ့က
လူစည်တယ်၊ လက်ဖက်ရည်ဆိုင်နဲ့ မလိုက်အောင် အသံငြိမ်တယ်
စားပွဲထိုးကောင်လေးတွေတောင် ဆော်တမော်ဒိုး ခပ်တိုးတိုးပဲ အော်တယ်
ချစ်သူစုံတွဲတွေအတွက် စားပွဲအလွတ် မရှိဘူး ..

ဦးချစ်ဆိုင်မှာ စိုင်းထီးဆိုင်အခွေသစ်ဖွင့်တဲ့နေ့က
ကျောင်းမဂ္ဂဇင်းမျက်နှာဖုံးကို ဘာသာပြန်ဆိုကြသလိုမျိုး
သီချင်းစာသားတွေကို သူရို့ နားရွက်တွေနဲ့ ဖတ်ကြတယ်
ပြီးတော့ ရင်ဘတ်တွေနဲ့ သဘောကျကြတယ်၊ ရှားတယ် ..

ဦးချစ်ဆိုင်မှာ စိုင်းထီးဆိုင်အခွေသစ်ဖွင့်တဲ့နေ့က
ပြောပါအုံး .. ပိုင်ရှင်အသစ်အတွက် လမ်းသစ်မှာ ပြေးနေတဲ့ look 12 2 ရေ့
ပြောပါအုံး .. မျှော်လင့်ခြင်း အသစ်တွေ ပေးလာမယ့် နေ့သစ်တွေရေ့
ပြောပါအုံး .. လွတ်လပ်ခွင့်ပေးခဲ့တယ် ရီဖို့လား ငိုဖို့လားဆိုတဲ့ ငွေတောင်တန်းရေ့
ပြောပါအုံး .. ဟိုဖက်ကမ်းက တစ်ယောက်ငိုနေတုန်း
ဒီဖက်ကမ်းက တစ်ယောက်မျက်ရည်ကျရတဲ့ သံလွင်ရေ့

ဦးချစ်ဆိုင်မှာ စိုင်းထီးဆိုင်အခွေသစ်ဖွင့်တဲ့နေ့က
ရန်ငြိုးတွေ ဖြေဖျောက်စို့ သွေးရင်းလို လက်တွဲစို့ဆိုပေမယ့်
ခွဲခဲ့ရင် မပြတ်ဘူးလား ဒီဇာတ်လမ်းကလေးအတွက် အကြိမ်ကြိမ် ဆက်ရှိအုံးမယ်တဲ့လား
အဲ့သလိုနဲ့ သဘာဝရဲ့ ရင်သွေးငယ်တွေ ကိုယ်လက်သန့်ရှင်းလို့
စိတ်ဓာတ်တွေ စုစည်းထားကြပေါ့
ဒီကမ္ဘာမှာ အရာရာ သန့်ရှင်းသော စစ်မဖြစ်ရာမြေ တစ်နေရာအတွက် ..

ဦးချစ်ဆိုင်မှာ စိုင်းထီးဆိုင်အခွေသစ်ဖွင့်တဲ့နေ့က ..
ဦးချစ်ဆိုင်မှာ စိုင်းထီးဆိုင်အခွေသစ်ဖွင့်တဲ့နေ့က ..
ဦးချစ်ဆိုင်မှာ စိုင်းထီးဆိုင်အခွေသစ်ဖွင့်တဲ့နေ့က ..
ရင်ဘတ်တွေထဲ လပြည့်ဝန်း အမြဲသာတယ် ..။

nickybuddy
၃-၁၀-၂၀ဝ၈

(မြန်မာကျူးပစ်မှ ကူးယူဖော်ပြပါသည်။)

No comments: